Share this

img.share-image

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် နော်ဝေဒုက္ခသည်များဆိုင်ရာကောင်စီ (Norwegian Refugee Council-NRC) တို့အကြား နားလည်မှုစာချွန်လွှာ(MOU) သက်တမ်းတိုးမြှင့်ခြင်း

နေပြည်တော် ဇန်နဝါရီ ၆ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နော်ဝေနိုင်ငံ အခြေစိုက်၊ နော်ဝေဒုက္ခသည်များဆိုင်ရာကောင်စီ (Norwegian Refugee Council-NRC) နှင့် ၂၀၁၈ခုနှစ်၊ ဇွန်လ(၇) ရက် နေ့တွင် သက်တမ်း(၂)နှစ်ရှိသော နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးအစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ၊ဗန်းမော်၊ဘားအံ)နှင့် ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် ဒေသလိုအပ်ချက် နှင့်ကိုက်ညီသော  ကျွန်းကျင်မှုအခြေပြု နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သည့် ပန်းရံ၊အုတ်စီ သင်တန်း၊ ဂဟေဆက်နည်းပညာသင်တန်း မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် စက်ချုပ် သင်တန်းများကို  ပူးပေါင်းဖွင့်လှစ်ခဲ့ရာ စုစုပေါင်းသင်တန်းသားဦးရေ (၁၈၂၉)ဦး သင်တန်းပြီးမြောက်ပြီး ဖြစ်ပါ သည်။

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နော်ဝေဒုက္ခသည်များ ဆိုင်ရာကောင်စီတို့ ပူးပေါင်း၍  ပညာရေးဆိုင်ရာ စီမံကိန်းများကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နားလည်မှု စာချွန်လွှာ (MoU)ကို သက်တမ်းတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ရာ (၅-၁-၂၀၂၁)ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

သက်တမ်းတိုးမြှင့်ထားသည့် နားလည်မှုစာချွန်လွှာ(MoU)အရ  ပညာရေးဝန်ဆောင်မှု အားနည်းနေသည့် ဒေသများရှိ လူငယ်၊လူရွယ်များအား သက်မွေး၀မ်းကျောင်းသင်တန်းများ သင်ယူခွင့်ရရှိစေရန်၊ ပိုမိုကောင်းမွန်သည့် ဘ၀ရပ်တည်မှုရရှိစေရန်၊ ဒေသခံပြည်သူများနှင့်အတူတစ်ကွ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်လာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နော်ဝေဒုက္ခသည်များဆိုင်ရာကောင်စီသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်သည့် သင်တန်းသားများအား သင်တန်းသားတစ်ဦးစီအား နေ့စဉ်ထောက်ပံ့ကြေး (၃၀၀၀)ကျပ်ခန့် ထောက်ပံ့ပေးလျက်ရှိပြီး စက်ချုပ်သင်တန်း ပြီးမြောက်အောင် သင်ကြား သည့် သင်တန်းသားများအတွက် အပ်ချုပ်စက် တစ်လုံးစီ ထောက်ပံ့ပေးခြင်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း နည်းသင်တန်း ပြီးမြောက်အောင်သင်ကြားသည့် သင်တန်းသားများအတွက် လုပ်ငန်းသုံးကိရိယာ အစုံပါ သေတ္တာ တစ်လုံးစီ ထောက်ပံ့ပေးခြင်းနှင့်  သင်တန်းဆင်း သင်တန်းသား အားလုံးအား လုပ်ငန်းမတည်ငွေ (၂၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ နော်ဝေဒုက္ခသည်များဆိုင်ရာကောင်စီနှင့် ပူးပေါင်းဖွင့်လှစ်သော သင်တန်းများသို့ တက်ရောက် ပြီးစီးသည့် သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ နေရပ်ဒေသများတွင် တစ်နိုင်တစ်ပိုင်  ကိုယ်ပိုင်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် နေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

သင်တန်းများ